ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကအင်းယားကြီး ကျေးရွာအတွင်းလူနေ ထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်၊ Hand Spaker တို့ဖြင့်လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှာခေါင်းစနစ်တကျ တပ်ဆင်ခြင်း လိုက်နာရမည့် အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက် နိုင်ရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။
သဇင်