ကြို့ပင်ကောက် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံပြည်သူများ အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များကို လိုက်နာနေထိုင်သွားနိုင်ရေးအတွက် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ပူးပေါင်းပြီး ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆိုင်းဘုတ်တွင် အိုမီခရွန်(omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါပိုးများကြိုတင်ကာကွယ်ရေးအတွက် လိုက်နာသင့်သောစည်းကမ်းချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက်ထိုးနှံကြစေရန်၊ ကိုဗစ်-၁၉ ရောဂါမိမိကစ ကာကွယ်ရေးတို့ကို ထည့်သွင်းထားပြီး လူစီကားရာ မြို့လယ်နာရီစင်လမ်းဆုံတွင် စိုက်ထူထားကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုများလျော့နည်းလာပြီး ဒေသခံများ သတိလက်လွတ် မဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးနည်းလမ်းများကို အားလုံးဆက်လက်လိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြီးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇင်မင်းဌေးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)\