ကြို့ပင်ကောက် ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက မြို့မဈေးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်စက်များ ရေပန့်များ၊ မီးသတ်ဆေးဘူးများ၊ ဈေးဆိုင်ခန်းများအတွင်း သွယ်တန်းအသုံးပြုနေသော လျှပ်စစ်မီးကြိုးများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဖိတ်ကြားထားသော ဌာန ဆိုင်ရာအကြီးအကဲများအား မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် အုတ်၍ မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုး မီးငြှိမ်းသတ်နည်းတို့ကို ဈေးသူ၊ ဈေးသားများနှင့် အတူ လက်တွေ့သရုပ်ပြ ရှင်းလင်းပြီး မီးဘေးအန္တရာယ်ကြောင့် ထိခိုက်လူနာများအား ရှေးဦးလူနာပြုစု ခြင်းကို လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ မီးသတ်ဦးစီးမှူး ဦးမင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)