သာသနဓဇဓမ္မာစရိယ ဂုဏသိဋ္ဌဂုဏ်ပြုပူဇာသဘင်ဆင်ယင်ကျင်းပ

ကော့သောင်း   ဒီဇင်ဘာ  ၆

သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ လောကမာရ်အောင်ကျောင်းတိုက်မှ အရှင်သိလာသအား ဂုဏသိဋ္ဌဂုဏ်ပြုပူဇာ သဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၊ ဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့် အညီဆင်ယင်ကျင်းပခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်ကြီးများထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဂုဏသိဋ္ဌဂုဏ်ပြုပူဇာတရားတော်နာယူကြပြီး၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရ စောင်းလွင်မာသိန်းနှင့်အဆို ဒေါ်မာမာစိန်တို့က ပူဇာသဘင်ရတုပိုဒ်စုံ သီဆိုပူဇော်ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်များနှင့် အပူဇော်ခံဆရာတော်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေ ကြ၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ကော့သောင်းမြို့၊ လောကမာရ်အောင်ကျောင်းတိုက်ဆရာတော် ဘုရား၏သားတပည့် ကော့သောင်းမြို့ ဇာတိဖြစ်သည့်  အရှင်ဝိလာသသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော ၁၃၈၂ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲတွင် ကျန်းရင်း(၃)ကျမ်းကိုဖြေဆိုအောင်မြင်သဖြင့် သာသနဓဇ ဓမ္မာစရိယဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခြင်း ခံခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)