ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက် ၁၁ နာရီက မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် တည်ဆောက်ထားရှိသည့် အောက်ဆီဂျင် စက်ရုံသို့ ရောက်ရှိပြီး မြို့နယ်အတွင်း အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး အောက်ဆီဂျင် ထုတ်လုပ် ဖြန့်ဖြူးပေးမှုအား စနစ်တကျ မှတ်တမ်းပြုစုထားရှိရေးနှင့် စက်ရုံရေရှည် လည်ပတ် ထုတ်လုပ်နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံတိကျ မှန်ကန်ရေး အိမ်ထောင်စုလူဦး ရေစာရင်း(၆၆/၆)ပုံစံဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မဲဆန္ဒရှင်စာရင်း ပြုစုဖြည့်သွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးရေးနှင့် စာရင်း လွဲမှားမှုများ မဖြစ်စေရေး  စနစ်တကျ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိုမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းနှင့် ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များက ဈေးမီးဘေးလုံခြုံရေး ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားမှုများ၊ ဈေးရောင်း ဈေးဝယ်သူများ မီးဘေးလုံခြုံရေး အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး အသိပေးနှိုးဆော် ဆောင်ရွက် ထားမှုများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဈေးမီးဘေးလုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းအပြင် ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရေး မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)