မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ (ဧရာမင်း) ဧက(၁၀၀)အထူးဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်၊ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေး ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ(ဧရာမင်း)ဧက(၁၀၀)အထူး ဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အထူးဇုန်စံပြစိုက်ခင်း၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ၊ မိုးစပါး(ဧရာမင်း) ဧက(၁၀၀) အထူးဇုန်စံပြစိုက်ခင်း စိုက်ပျိုး ဆောင်ရွက်မှု အခြေအနေနှင့် စံကွက်ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများအား တောင်သူကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စပါးစိုက်တောင်သူကြီးများ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ရာ မကွေးမြို့နယ်၏ လယ်ယာကဏ္ဍ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေ များအား စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက် လာသည့် တောင်သူများက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးဧကနှင့် ကျေးရွာအတွက် အကျိုးရှိမည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ ယူရီးယားမြေဩဇာ ဈေးနှုန်း ကြီးမြင့်သောကြောင့် တောင်သူများ အခက်အခဲကြုံတွေ့ရမှု အခြေအနေများနှင့် မြေဩဇာရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအပေါ် ဒေသရေမြေ သဘာဝနှင့် လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုမိုတိုးတက်သည့် လယ်ယာကဏ္ဍ ဖော်ဆောင်နိုင်ရေး မှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယူရီးယား မြေဩဇာထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေများနှင့် သဖန်းဆိပ် လျှပ်စစ် မြစ်ရေတင်ဒေသ၏ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က တောင်သူ များအား မျိုးစေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မကွေးမြို့နယ်၏ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးအထွက်နှုန်း စံကွက်ရိတ်သိမ်း ထွက်ရှိမှုအရ ဧရာမင်း စပါးမျိုး တစ်ဧကလျှင် အစိုအထွက်(၉၉.၀၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ် သဖန်းဆိပ် လျှပ်စစ်မြစ် ရေတင်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး သဖန်းဆိပ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)တာဝန်ရှိသူတို့က ရှင်းလင်း တင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စပါးစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက် တင်ပြခဲ့မှုများ အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် ပါဝင်၍ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်(၂၉)လက်မခန့်သာ ရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝ မိုးရေကိုသာ အဓိကမှီခိုအားထား စိုက်ပျိုးရသဖြင့် တစ်နှစ်လျှင်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသတွင် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက် ခဲ့သည့်အတွက်  မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ စိုက်ပျိုးမြေ ဧက(၄၅၀၀)ကို ရေသွင်း စိုက်ပျိုးစေခြင်းဖြင့် စပါးနှင့်အခြားသီးနှံများ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ် စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့် ဒေသစိမ်းလန်း စိုပြေရေးအတွက် အထောက်အကူပြုစေနိုင်ယုံသာမက ဒေသတွင်း တောင်သူ တစ်ဦးခြင်း၏ ဝင်ငွေလည်း တိုးတက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ