လှိုင်းဘွဲ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိရာ ယမန်နေ့က လှိုင်ဘွဲမြို့ပေါ် (ဃ) ရပ်ကွက်တွင် ဗလာမပါကံစမ်းမဲနှင့် စတုဒီသာများ ကျွေးမွေးလှူဒါန်းခဲ့ ကြောင်း သိရသည်။
“ဒီတန်ဆောင်မုန်းလ ရောက်တိုင်းရောက်တိုင်းမှာ ကုသိုလ်လေးရအောင် ထမင်း/ဟင်းတွေ ကျွေးမွေးကြတယ်။ အရင်နှစ်ကတော့ ကိုဗစ်-၁၉ ဖြစ်လို့ မကြွေးဖြစ်ကြဘူး၊ ဒီနှစ်မှာတော့ ကျွေးတာပေါ့၊ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် တွေမှာ ထမင်း/ဟင်း/အအေးတို့ ကျွေးမွေးတာ တွေ့ရပါတယ်။ တစ်ချို့ရပ်ကွက်မှာဆိုရင် မုန့်ဟင်းခါးတို့ ကျွေးတာ ပေါ့၊ ယခု ထမင်း/ဟင်း/အအေး အပြင် ပြည်သူများ ပျော်ရွင်အောင် ဗလာမပါကံစမ်းမဲ အစီအစဉ်တွေ ထည့်သွင်း ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အလှူရှင် တစ်ဦးက ပြောကြားခဲ့သည်။
လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိ အလှူရှင်များက ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ည(၈)နာရီအထိ ထမင်း/ဟင်း၊ ကျွေးမွေးခြင်း၊ အအေးတိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ပျော်ရွင်နိုင်စေရေးအတွက် ဗလာမပါကံစမ်းမဲ အစီအစဉ်များ ထည့်သွင်း ဆောင်ရွက်ခဲ့ကာ အဆိုပါဗလာမပါကံစမ်းမဲတွင် စက်ဘီး(၂)စီး၊ ဘုရားဆင်း တုတော်များ၊ ပန်ကာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ကြက်သွန်၊ဆီ၊ အအေးဗူး၊မုန့်နှင့် စားသောက်ဖွယ်ရာများကို ထည့်သွင်းဆောင်ရွက်ကာ ပြည်သူများ ပျော်ရွင်စွာ ပါဝင်ခဲ့ကြ ကြောင်း သိရသည်။
စောဒိ (ပြန် / ဆက်)