ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လေးမျက်နှာမြို့နယ်တွင် မတ်ပဲစံပြကွက် စိုက်ပျိူးထားမှုအား ကြည့်ရှုစစ်ဆေးပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

လေးမျက်နှာ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လည်(၂:၃၀) နာရီအချိန်က လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာရှိ တောင်သူ ဦးဌေးအောင်ပိုင်ဆိုင်သည့် ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်၂၆တွင် ဆောင်းသီးနှံ မတ်ပဲစံပြကွက် စိုက်ပျိူးထားရှိမှုနှင့် ပိုက်ဆံလျှော် စိုက်ပျိူးထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ မတ်ပဲနှင့် ပိုက်ဆံလျှော် ထွက်ရှိမှုပမာဏ၊ တင်ပို့ရောင်ချမှုအခြေအနေများ၊ မြေသြဇာ သုံးစွဲမှုအစား ပိုက်ဆံလျှော်သုံးစွဲရာတွင် အဆင်ပြေမှု ရှိ/မရှိမေးမြန်ရာ တောင်သူဦးဌေးအောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တောင်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ နေ့လည်(၂:၄၅)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ လေးမျက်နှာမြို့နယ်၊ လဝကဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများတွင်   ရာခိုင်နှုန်းတော်တော်များများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု တွေ့ရကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဧရာဝတီတိုင်းတစ်တိုင်းလုံး၏ အချုပ်အားဖြင့် ၅၂ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးလျက်ရှိကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ကလည်း ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကာ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြီး ကြိုးစားပမ်းစား ဆောင်ရွက် ပေးနေတဲ့ လဝကရုံး ဝန်ထမ်းများကိုလည်း ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ထိထိရောက်ရောက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း၏ အသက်၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလကုန်တွင် ၅၀ရာခိုင်းနှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာအုပ်စု (၄၇)အုပ်စုမှ ပြည်သူများအား ဒီဇင်ဘာလ ၃ ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်(၂၀၉၃)နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၀၆၃)စုအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀)နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၅၂)စုအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးကုသမှုခံယူနေသူများ၏ အခြေအနေများအား မေးမြန်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာ ဝန်ကြီးရဲမှူးကြီးတင်ဇော်ထွန်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်း မြင့်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်လဝကဒုတိယညွှန်ကြားရေးမှူးဦးမြင့်ဝေ၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း