မြိတ် ဒီဇင်ဘာ ၅
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ယနေ့ နံနက်ပိုင်းက ဈေးအတွင်း မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
“မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်တာက ဈေးဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေ စုဝေးရာနေရာ ဖြစ်တဲ့အတွက် ဈေးများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဈေးမီးဘေးလုံခြုံရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့မှ အပိုင်းအလိုက် စနစ်တကျ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်တာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှူးက ပြောသည်။
ဇာတ်တိုက်လေ့ကျင့်ရာ၌ ပထမဦးစွာ Fire Point နေရာအား ဈေးမီးဘေးလုံခြုံရေးအဖွဲ့မှ DCP မီးသတ် ဆေးဗူးဖြင့် ကနဦးငြိမ်းသတ်ခြင်း၊ ဈေးအတွင်း ရေကန်မှ အပေါ့စားမီးသတ်စက်ဖြင့် ငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဗဟိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်အုပ်စု(၂)စုနှင့် ရှာဖွေကယ်ဆယ်ရေးအုပ်စုတို့မှ Fire Point နေရာ အနီးဆုံးဈေးဝင် တံခါးနှစ်ပေါက်မှ မီးငြိမ်းသတ်အဖွဲ့နှစ်ဖွဲ့မှဝင်ရောက် မီးထိန်းခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဆောင်ရွက်ပြီး ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်၍ ဒဏ်ရာရရှိသူများကို ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦး ပြုစုခြင်း၊ ကယ်ဆယ်ရေးစခန်းပို့ဆောင်ခြင်းနှင့် ဆေးရုံပို့ဆောင်ခြင်းကို ဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။
ထို့နောက် ဗဟိုမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်အုပ်စုများနှင့် အရန်မီးသတ်စခန်းများမှ ယာဉ်အုပ်စု များမှ ဈေးအဆောက်အဦပတ်ပတ်လည်ရှိ သတ်မှတ်နေရာများသို့ ရောက်ရှိနေရာ ယူကြ၍ Fire Point နေရာအား ပူးပေါင်းမီးငြိမ်းသတ်ခြင်းကို ဆောင်ရွက်ကြပြီး ရဲတပ်ဖွဲ့ဝင် များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေး ဆောင်ရွက်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ပူးပေါင်းဆောင်ရွက် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးမီးဘေးလုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာ ရေးအဖွဲ့နှင့် ဈေးကော်မတီ တို့ ပူးပေါင်း၍ ဗဟိုမီးသတ်စခန်းနှင့် အရန် မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ် စုစုပေါင်း(၂၆)စီးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ ရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးသူဈေးသားများက ကြည့်ရှု အားပေးခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် အားသာချက် အားနည်းချက်များအား ဈေး တာဝန်ခံ ရုံး၌ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)