လိပ်သိုမြို့ ကျေးရွာများ၌ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများထိုးပေး

လိပ်သို သြဂုတ် ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရောဂါကြိုတင်ကာကွယ်ဆေးများထိုးနှံရခြင်းမှာ မြို့အတွင်းတစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားကာ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန်ရည်ရွယ်၍ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ကူးစက်ရောဂါမဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ 

မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ အရောက်ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ မွေးမြူထားရှိသည့်ဝက်များအား ဝက်ဝမ်းကျရောဂါများမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိရာ  ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ပေး​လျက်ရှိကြောင်းနှင့် မိုးရာသီ ကာလဝက်များ တွင် ဖြစ်ပွား​လေ့ရှိသော ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အသိပေးအကြောင်းကြားထားပြီးဖြစ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဒေါက်တာနော်ဂလယ်ဂေထူးက ပြောကြားသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)