ပေါက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်မိုးနှောင်းကာလ၌ မုန်ကုန်းကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း (၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိကြရာ တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပေါက်မြို့နယ်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို ယခင်က မိုးဦးကာလတွင် စိုက်ပျိုးသော ပင်ပြန့်မြေပဲ(ခ)သက်ကြီးပဲနှင့် မိုးနှောင်းကာလတွင်စိုက်ပျိုးသော ပင်ထောင်မြေပဲ (ခ) သက်ရင်ပဲလေးဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြရာ ယခုအခါတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား အထွက်နှုန်းကောင်း၊ စျေးကောင်းရရှိရေးအတွက် ဒေသနှင့် ကိုက်ညီ သော ရေဆင်း(၁၁)၊ မကွေး(၁၁)၊မ ကွေး(၁၂)၊ စသည့်မြေပဲမျိုးများ ဖြန့်ဖြူးပေးကာ စိုက်ပျိုး ထားရှိပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြေပဲ စတင် စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ကွင်းဆင်းပြီး နည်းပညာများ အကူအညီပေးလျက် ရှိသည်။
မိုးနှောင်းမြေပဲစိုက်ပျိုးရန်ံအတွက် ပထမဦးစွာမိမိတို့၏ယာမြေများကို ထယ်ရေးညက်ညက် ထွန်ယက်ကာ အောက်ခံမြေသြဇာများ ထည့်သွင်းနှပ်ထားပြီး နှစ်ရက်ခန့်အကြာတွင် တန်းကြား တစ်တောင်၊ ပင်ကြားသုံးလက်မခန့်ထားကာ တစ်ကြောင်းထိုး စိုက်ပျိုးကြပြီး မြေပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့်(၆)တင်း စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ မျိုးအနေဖြင့် ငွေကျပ် ၁၂၀၀၀၀၊ မြေပြင်ထွန်၊ ထယ်စရိတ်အဖြစ် ၅၅၀၀၀/ကျပ်၊ စိုက်စရိတ်အဖြစ် ၁၂၀၀၀/ ကျပ် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက (၇၀) တင်းမှ(၈၀)တင်းအထိ ထွက်ရှိရာ ရောင်းဈေးအနေဖြင့် မြေပဲ တစ်တင်းငွေကျပ် ၂၀၀၀၀/ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ် ရောင်းမည်ဆိုပါက ဆီတစ်ပိဿာ ၇၅၀၀/ကျပ်ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မုန်ကုန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးအောင်ပေါ၏ပြောကြား ချက်အရသိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)