ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံ ဒီဇင်ဘာ ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့အထိမ်းအမှတ်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘားအံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမဒေါ်ဆုလာဘ်နွယ်က စာဆိုတော်နေ့အကြောင်း၊ ဘားအံမြို့နယ် စာရေးဆရာ အသင်းအဖွဲ့ဝင် မလင်္ကာရည်ရည်ခိုင်က စာဆိုတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ခေတ်တွင် နိုင်ငံ့အကျိုးပြု စာပေများကို ရေးသားပြုစုခဲ့ကြသော စာပေပညာရှင်ကြီးများကို ချီးမြှင့်ပူဇော် ဂုဏ်ပြုသည့် စာဆိုတော်နေ့ကို ကျင်းပလျက်ရှိကာ နတ်တော်လကိုလည်း စာဆိုတော်လအဖြစ် အသိအမှတ်ပြုပြီး နှစ်စဉ် စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိရာ “၄၇” မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။