ခင်ဦးမြို့နယ်၌ တစ်ဧက ဝါပိဿာ (၁၀၀၀) ထွက်ရှိရေးအတွက် ဝါကုန်ထုတ်အသင်းဖွဲ့စည်း၍ စံပြကွက်များစိုက်ပျိုးလျက်ရှိ

ခင်ဦး ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် တစ်ဧက ဝါပိဿာ (၁၀၀၀) ထွက်ရှိရေးအတွက် ရွာသစ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ဝါကုန်ထုတ်အသင်းဖွဲ့စည်း၍ မိုးနှောင်းဝါ စံပြကွက်များ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

ခင်ဦးမြို့နယ်တွင် ယခုနှစ် ဝါစိုက်ပျိုးတိုးတက်ရေးအတွက် ရွှေပြည်သာကျေးရွာတွင် ဝါကုန်ထုတ်အသင်း ဖွဲ့စည်းခဲ့ပြီး အသင်းသား ဦးရေ (၂၁) ဦးနှင့် ဖွဲ့စည်းထားပြီး ဝါစိုက်ဧက (၇၆) ဧက စိုက်ပျိုးခဲ့ကြောင်း၊ တစ်ဧကလျှင် ဝါ ပိဿာ (၁၀၀၀) ထွက်ရှိရေးနည်းပညာပေး စံပြကွက် အနေဖြင့် ဧက (၂၅) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် စိုက်ပျိုးစရိတ် တစ်သိန်းခွဲနှုန်းနှင့် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးခဲ့ကြောင်း၊ အသင်းမှ ဝါဈေးကွက် ဖော်ဆောင်ရေးအတွက် ကြိုးစားဆောင်ရွက်ပြီး ဝါများကို တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်တွင် ဝါမျိုးစေ့ထုတ်လုပ်ရောင်းချနိုင်ရေးအထိ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)