ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေ ရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကို စတင်ခဲ့သည်။
ထို့နောက်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသား၊ကျောင်းသူ တစ်ဦးချင်းစီကို စာအုပ်များ အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)