ထီးလင်း ဩဂုတ် ၂၁
၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် ပတ်သက်၍ စာသင်ကြားမှု အခြေအနေ၊ မိဘ၊ ဆရာနှင့်ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သပြေခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး စည်းကမ်းချက် များနှင့်အညီ စာသင်ကြားမှု အခြေ အနေ၊ မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် အမှတ်(၂)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနွားမောင်က မိဘ/ဆရာ ကျောင်းရန်ပုံငွေ ရရှိ/သုံးစွဲမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘအုပ်ထိန်းသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့်စပ်လျဉ်း၍ မိမိတို့အားလုံးက အလေးထားလိုက်နာဆောင်ရွက်သွားရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သင်ရိုးသစ် (Grade-10)၌ ၁၉၄ ဦး၊ သင်ရိုးဟောင်း (Grade-11) ၌ ၂၃၉ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၃၃ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)