ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဆို တော်နေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

ဇီးကုန်း   ဒီဇင်ဘာ   ၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BOOK CLUB) တို့ပူးပေါင်း၍ နတ်တော်လဆန်း(၁)ရက်နေ့ တွင် ကျရောက်သော စာဆိုတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက စာဆိုတော်နေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် စာရေးဆရာများဖြစ်သော ဇော်ဝင်းမောင်(ဇီးကုန်း)၊ သူရိန်ဝင်း(ဇီးကုန်း)၊ စွမ်းဝေ (ဇီးကုန်း)၊ ကိုသက်(ဇီးကုန်း)၊ ဆရာရဲဇော်နှင့် ဦးခင်မောင်မြင့်(ပညာရေး)တို့မှ “ စာပေရှင်များသည် စာပေဖြင့် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးစွမ်းနိုင်ကြောင်း၊ စာပေဖတ်ရှုရာတွင် စာပေဖတ်ရှုသူ၏ ပင်ကိုစိတ် ခံစားမှုအရ ကြိုက်နှစ်သက်ရာစာပေများကို ရွေးချယ်ဖတ်ရှုကြသော်လည်း မိမိအသိဉာဏ်ဖြင့် ဆင်ချင် သုံးသပ် အသိပညာယူတတ်ဖို့ လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် လောကီလောကုတ္တရာ နှစ်ဖြာ အကျိုးရှိနိုင်ကြောင်းနှင့် အက္ခရာအလွဲများကြောင့် ဖြစ်ပေါ်တတ်သော ပြဿနာများအကြောင်းတို့ကို မိမိတို့၏အတွေ့အကြုံများနှင့် မှတ်သားအတုယူဖွယ်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

တင့်ဆွေ