ထားဝယ် ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ ဆွမ်းစား ကျောင်းဆောင်၌ ကျင်းပရာ အခမ်းအနားကို ထားဝယ်အိုးစည်သုံးချက် တီးခတ်၍ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဘဒ္ဒသူရိယနှင့် နိုင်ငံတော်သြဝါဒစရိယ မေဃ၀တီ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသတို့က သြဝါဒကထာမြွက်ကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့ လာသော သဝဏ်လွှာအား ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးတင်မြ (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)က ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကို က အမှာစကား ပြောကြားရာတွင် ထားဝယ် ဟူသော ဝေါဟာရရေးထုံးကို သမိုင်းဆရာများက အမျိုးမျိုး ချဉ်းကပ် စူးစမ်းလေ့လာခဲ့ကြကြောင်း၊ ယနေ့အချိန်အထိ တိကျပီပြင်ခိုင်မာသည့်အဖြေကို မရသေးပါကြောင်း၊ အလွန်ရှေးကျတယ်ဆိုသည်ကို ခန့်မှန်းသိရှိခဲ့ရပါကြောင်း၊ ကျောက်ခေတ်နှောင်း ကာလကတည်းက “ထားဝယ်မှာ လူသားများရှိနေပြီ"ဆို သည်ကို သမိုင်းဆရာများ ကောက်ချက်ချခဲ့ကြောင်း၊ သမိုင်းပညာရှင် ပါမောက္ခဆရာကြီး ဒေါက်တာ သန်းထွန်း က လွန်ခဲ့သောနှစ်ပေါင်း၄၀၀၀ခန့် ကတည်းက တနင်္သာရီတိုင်းမှာ လူသား မျိုးနွယ်တွေရှိနှင့် နေခဲ့ပြီး ဖြစ်သည်ဆိုပါကြောင်း၊ ထားဝယ်သည် ပုဂံဘုရင်များ လက်ထက် ကတည်းက မြန်မာ့မြေ၊ မြန်မာ့ရေ ဖြစ်တယ်ဆိုသည်ကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊“ ဥဩအော်သည်၊ ထားဝယ်တည်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ၊ ကောဇာသက္ကရာဇ် ၁၁၁၆- ခုနှစ် တွင် ထားဝယ်မြို့ကိုဦးနဲလှ တည်ခဲ့ပြီးမြို့တည်စဉ် က မြို့အမည်ကို“ သာယာဝတီမြို့"လို့ အမည်ပေးခဲ့ကြောင်းနှင့် ထားဝယ်လူမျိုးပေါ်ပေါက်လာပုံ သမိုင်းအကြောင်းအား ရှင်းလင်း ပြောကြားပြီး၊ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ထားဝယ်သူ၊ ထားဝယ်သားများအနေဖြင့် တစ်ထောင့် တစ်နေရာကနေ ပါဝင်ရန်လိုအပ်ကြောင်း၊ ထားဝယ်ဆိုသည်ကို ကမ္ဘာ့တည်သရွေ့ တည်တံ့အောင် ညီညီညွတ်ညွတ်ဖြင့် ဒီထက်မက အောင်မြင်အောင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ က ဖတ်ကြားပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ ဗဟို)နာယက ဦးအောင်မြင့် က ထားဝယ်လူမျိုးများ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာစေရန်၊ ထားဝယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန်နှင့် စုစည်းရရှိလာသော အင်အားစုဖြင့် မိမိထားဝယ် တိုင်းရင်းသားအရေးနှင့် ပတ်သက်သော ကိစ္စများကို စုစည်းညီညွတ်စွာ လုပ်ဆောင်နိုင်ရန်၊ ပုဂ္ဂိုလ်အရေး၊ လူတန်းစားအရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့်စီးပွားရေး အလျင်းမပြုဘဲ ထားဝယ်အမျိုးသားနေ့ကို ထားဝယ်အမျိုးသားရေး စိတ်ဓာတ်၊ ထားဝယ်လူမျိုးများ အချင်းချင်းရိုင်းပင်း ကူညီလိုသောစိတ်ဓာတ်များ မြင့်မားလာစေရန်၊ ထားဝယ်တိုင်းရင်းသားအရေး ကဏ္ဍများကို မြှင့်တင်လိုသည့် စိတ်ဓာတ်များ ကိန်းအောင်း ရှင်သန်လာစေရန်စသည်တို့ဖြင့် အခမ်းအနားကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဒုတိယပိုင်းအနေဖြင့် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ထားဝယ်ဟိုတယ်၌ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရှိရပြီး ထားဝယ်ရိုးရာ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှု (ပြပွဲ၊ ပြိုင်ပွဲ) ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)