စူပါဘိုကာရှိ သဘာဝမြေဆွေး လက်တွေ့ပြုလုပ်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲဆောင်ရွက်

ယင်းမာပင်   ဒီဇင်ဘာ     ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အအတွင်းရှိ တောင်သူများအား သဘာဝမြေသြေဇာကို ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ရန်အတွက် စူပါဘိုကာရှိ သဘာဝမြေဆွေး လက်တွေ့ပြုလုပ်ခြင်းကို တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက စူပါဘိုကာရှိ သဘာဝမြေဆွေး လက်တွေ့ပြုလုပ်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စူပါဘိုကာရှိ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းထွန်းက စူပါဘိုကာရှိ သဘာဝမြေဆွေး ပြုလုပ်နည်းအဆင့်ဆင့်ဆောင်ရွက်ပုံကို တောင်သူများရှေ့တွင် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စူပါဘိုကာရှိ သဘာဝမြေဆွေးပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများမှာ စပါးခွံ (၄) တောင်း၊ နွားချေးမှုန့်(၄)တောင်း၊ ဖွဲနု (၁)တောင်း၊ အသင့်သုံး EM ဖျော်ရည် (၁၀)လီတာ၊ ထွိုက်ကိုဒါးမားမှို ဖျော်ရည် (၁)လီတာ၊ ပုလဲမြေသြေဇာ နို့ဆီဘူး(၄)ဘူးနှင့် ထုံးအနည်းငယ် သမအောင်ရောစပ်ပြီး အိတ်များဖြင့်ထည့်၍ လေလုံအောင် ကြိုးဖြင့်စည်းကာ အရိပ်ထဲတွင်ထားပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

အောင်အောင်(ယင်းမာပင်)