ဘုရားသုံးဆူမြို့၊ ကျွန်းချောင်းကျေးရွာအုပ်စုတွင် ဆင်းသုခ (မိုးစပါး)စံပြကွက် ရိတ်သိမ်း

ဘုရားသုံးဆူ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်တွင် ဆန်စပါးအပြင် အခြားရာသီ သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဘုရားသုံးဆူမြို့ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးနှင့် လယ်ယာထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ ၂ နာရီက ဘုရားသုံးဆူမြို့၊ ကျွန်းချောင်း ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၊ တောင်သူ ဦးစောအေဝမ်း၏ မိုးစပါးစံပြကွက် ဆင်းသုခ (၅)ဧက စိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရိတ်သိမ်းရာတွင် ဘုရားသုံးဆူမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ စံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧက ဆင်းသုခ စပါး (၆၈.၃၅)တင်း ထွက်ရှိကြောင်း သိရသည်။

ဘုရားသုံးဆူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုးထားသည့် ဧကစုစုပေါင်း (၁၅၂၄၅) ဧက စိုက်ပျိုးထားကြောင်း ဘုရားသုံးဆူမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးကျော်ဝင်း ထံမှ သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)