ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ပုသိမ်   ဒီဇင်ဘာ   ၄

ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယနေ့ နေ့လယ်ပိုင်း အချိန်တွင် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ပုသိမ်မြို့နယ်၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ခံ ဝန်ထမ်းများနှင့် ကျေးရွာများရှိကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ရာ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုးပိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဌေးနိုင်က အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းဆိုင်ရာများ အကြောင်းရှင်းလင်းတင်ပြခဲ့ပြီး စီမံကိန်း ရန်ပုံငွေများအား တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအသီးသီးက လက်ခံရယူခဲ့ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စု(၅၃)အုပ်စု၊ ကျေးရွာပေါင်း(၂၈၅)ရွာရှိရာ ယခုဘဏ္ဍာရေး နှစ်တွင် မြစိမ်းရောင်ကျေးရွာ(၁)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာ(၇)ရွာအား ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)