ဒေးဒရဲမြို့ စည်ပင်သာယာမြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက စည်ပင်သာယာ မြို့မစျေးမီးဘေးအန္တရာယ် ​ကြိုတင်ကာကွယ်ရေးနှင့်  မီးဘေးလုံခြုံစေရေးတို့အတွက် မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့  ညနေ ၃ နာရီက မြို့မစျေးရှိ စျေးဆိုင်များ၊ စျေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။

မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့်ဝန်ထမ်းများ၊ စျေးကော်မတီဝင်များက လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲတွင် မီးသတ်သန္ဓေအင်အား(၁၅)ဦး၊ မီးသတ်အရန် အင်အား(၂၀)ဦး၊ စျေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့က မီးငြှိမ်းသတ်ရေးယာဉ် (၂) စီးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားသော မီးသတ်ပိုက်များ၊ အရေးပေါ် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ပုံကို သရုပ်ပြလေ့ကျင့်ခဲ့သည်။ ဒေးဒရဲမြို့ စည်ပင်သာယာမြို့မစျေးကြီးတွင် စျေးရုံပေါင်း(၂၈)ရုံ၊ ဆိုင်ခန်းပေါင်း(၆၈၄)ခန်း ရှိကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)