ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေး

ပွင့်ဖြူ      ဒီဇင်ဘာ     

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးရာတွင် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းမူဘောင်များနှင့်အညီ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြစေလိုကြောင်း ၊ စီမံကိန်းရန်ပုံငွေ စာရင်းဇယား စနစ်တကျ ပြုစုထိန်းသိမ်းကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းဝင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ ဦး ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး ၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး ၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ဦးရေ ၁၁၆ ဦး အတွက် ပထမအကြိမ် မြစိမ်း‌ရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ အား စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )