ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် ပန်းခြံအရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတား များကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက် ပန်းခြံရှေ့ ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်၍ အရှည်(၅၀၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေရှိသော ပန်းခြံရှေ့ ကျောက်စီရေမြောင်းပြု လုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၄၆၀၀၀၀၀/-)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပ သွားမည်ဖြစ်ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)