နတ်မောက် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းကျဆင်းလာ

နတ်မောက်        ဒီဇင်ဘာ      ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု များလာပြီး တမံရေပိုလွှဲမှ  ယနေ့ နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ (၀ ဒဿမ ၂)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် ဒီဇင်ဘာလ (၃) ရက်နေ့တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိရေအမှတ် ( ၆၈၃ ဒဿမ ၃ ) ပေရှိ၍ (၀ ဒဿမ ၃)ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့ နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒဿမ ၂)ပေ ရှိပြီး (၀ ဒဿမ ၂) ပေခန့် ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျကြောင်းသိရသည်။

နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများ လျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဦးထိန်လင်းထံက သိရသည်။

သင်းသင်းမြတ်(နတ်မောက်)