ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

 ချောက်   ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည်စုံမှန်ကန်ရေး၊ မြို့နယ်လူဦးရေစာရင်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အိမ်ထောင်စု ဇယားပုံစံ (၆၆/၆) များ ရယူတိုက်ဆိုင်စစ်ဆေးခြင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအလိုက် အိမ်ထောင်စု လူဦးရေစာရင်းများရယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း​ဖြည့်စွက်ပြင်ဆင်ခြင်း၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲ၌ အသက်ပြည့်မီ လာမည့် မဲဆန္ဒရှင်စာရင်းများအား ထပ်မံဖြည့်သွင်းခြင်း လုပ်ငန်းများကို သက်မှတ်ရက်အပြီး ဆောင်ရွက်နိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့်​ ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး ပြောကြားခဲ့သည်။ 

ယင်းနောက် ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းအေးမှ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းတွင် တက်ရောက်လာသည့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့မြို့နယ်မှ မဲဆန္ဒရှင်စာရင်းများကို သက်မှတ်ရက်အမီ ပြီးမြောက်နိုင်ရေး ဆွေးနွေးခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန် ရှိသူများက လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)