မင်းဘူး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်နှင့်မြို့နယ်မှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ် မင်းလှကျင်း ကျေးရွာအနီးရှိ (Minbu Solar Power Plant Project) ဓာတ်အား ထုတ်လုပ်နေမှုကို ကွင်းဆင်း၍ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စီမံကိန်း ရှင်းလင်းဆောင်၌ GEP (Myanmar) Co.Ltd မှ စက်ရုံမှူး ဦးညွန့်အောင်က ဆွေးနွေးတင်ပြရာတွင်(Minbu Solar Power Plant Project ) ကို ၂၀၁၈ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဂုတ်ကြီးကွင်း၊ ကွင်းအမှတ် ၁၂၇၃၊ စီမံကိန်းဧရိယာ ၈၃၆ ဧကဖြင့် ဖွင့်လှစ် ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဓာတ်အားစတင် ထုတ်လွှတ်နိုင်ခဲ့ကာ ၄၀ မဂ္ဂါဝပ် ဆိုလာပြား ၁၅၉၀၀၀ ပြားကို Phase 1,2,3,4 အဆင့် ( ၄ ) ဆင့်ဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိလုပ်ဆောင်မှု အနေနဲ့ Phase-1 ဖြင့် မဂ္ဂါဝပ် (၄၀) သာထုတ်လုပ်နိုင်ပြီး ရခိုင်ပြည်နယ် အမ်းမြို့ ဓာတ်အားခွဲရုံသို့ ၂၅ မဂ္ဂါဝပ်နှင့် မင်းဘူးမြို့ မန်းဓာတ်အားခွဲရုံသို့ ၁၅ မဂ္ဂါဝပ် ပို့လွှတ်ထားပြီဖြစ်ကြောင်း၊ မကြာမှီ ကာလများမှာလည်း Phase 2,3,4 တည်ဆောက်ပြီးကာ ၁၇၀ မဂ္ဂါဝပ် အပြည့် ထုတ်လုပ်နိုင်ပါက မကွေးတိုင်းဒေသကြီးနှှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ ဓာတ်အားများ အပြည့်အဝ ရရှိတော့မှာ ဖြစ်ကြောင်းတို့ကို ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်က Phase 2,3,4 တည်ဆောက် ပြီးစီးသွားပါက ဒေသဖွံ့ဖြိုးရေးအနေနဲ့ စီမံကိန်းဧရိယာ အနီးအနားရှိ ကျေးရွာများအား မီးလင်းနိုင်ရေး တင်ပြဆွေးနွေးခဲ့ပြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တင်ပြချက်များကို ပေါင်းစပ် ဆွေးနွေးပေးခဲ့ပြီး GEP (Myanmar) Co.Ltd ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓာတ်အားထုတ်လုပ်နေမှုများ၊ ဓာတ်အား သိုလှောင်ပုံ၊ တည်ဆောက်ပုံ၊ ဓာတ်အားလိုင်း ၂၃၀၀၀၀ သို့ပို့လွှတ်နေမှုများနှင့် ယခုလက်ရှိ ဆောင်ရွက်နေမှု အခြေအနေများကို လှည်လည်ကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဇေယျာထက် (မင်းဘူး)