ပဲခူး ဒီဇင်ဘာ ၄
ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအက ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ၁၉၉၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ (၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ် ထားကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းများကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားစေရန် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ခုနှစ်မှ စတင်ပြီး ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခု၂၀၂၁ခုနှစ်တွင် (၂၈)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း မသန်စွမ်းသူများ၏ ဘဝမှာ ခံစားကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများသည် မသန်စွမ်းသူများ၏ ချို့ယွင်းအားနည်းမှု ကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား၊ အမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီး များကြောင့်သာဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးသည့် ဆောင်ပုဒ်သည် "အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး" ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉အလွန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ပြန်လည်ထူထောင်ရာတွင် မသန်စွမ်းသူများအပါအဝင် လူ့အသိုက်အဝန်း အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအပြည့်အဝရရှိရန် မသန်စွမ်းသူများ အပါအဝင် ပြည်သူအားလုံး ကိုဗစ်-၁၉အလွန် ကာလများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့အတူ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး ဟံသာဝတီ စတား(ပဲခူး) ဉာဏ်ရည်မသန်စွမ်းကလေးငယ်များမှ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ နိုင်ငံတော်အဆင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ဦးထိန်လင်း(လင်းအရုဏ်ဦး-ပဲခူး)အား မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီမှချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၂)သိန်း၊ ကပြဖျော်ဖြေ တင်ဆက်ကြသည့် ဟံသာဝတီစတား(ပဲခူး) ဉာဏ်ရည်မသန်စွမ်းကလေးငယ်များအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းတို့အား ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူ(၄၀၄၅၈)ဦးရှိရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် (၂၁၁၆၅)ဦး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်(၁၉၂၉၃)ဦး စုစုပေါင်း (၄၀၄၅၈)ဦးအား နိုင်ငံတော် အစိုးရမှ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြင့်မားတိုးတက် လာစေရေးအတွက် မသန်စွမ်း ကလေးသူငယ်များ သန်စွမ်းသည့် ကလေးများနည်းတူ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက် ပညာသင်ကြားခွင့် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ ဆန္ဒမဲပေးခွင့်ရရှိရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ကော်မတီ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးနှင့် ကလေးသူငယ် ဘဝမြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ကိုယ်အင်္ဂါ မသန်းစွမ်း ကိုယ်စားလှယ်များ၊ ဉာဏ်ရည်မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သိရသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)