ကျုံပျော် ဒီဇင်ဘာ ၄
လူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး၊ တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဟမ်ဆိုင်း (ဆေး-မန်း) ရေးသားသည့် ညီမလေး သို့ပေးစာများ စာအုပ်ပါ အကြောင်းအရာများအား တစ်ဦးခြင်း ဖတ်ကြားကြသည်။
ထို့နောက် တက်ရောက်လာသူများက ဖတ်ကြားသည့် အကြောင်းအရာ ခေါင်းစဉ် တစ်ခုခြင်းအလိုက် အသီးသီး ဆွေးနွေးကာ ဗဟုသုတ၊ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတ တိုးပွားရရှိစေရန် စာကြည့်တိုက်ဖွင့်လှစ်ကာ စာအုပ်စာစောင်များ ဌားရမ်းဝန်ဆောင်မှု ပေးခြင်း၊ ကလေးစာဖတ်ခန်း ဖွင့်လှစ်ကာ ငယ်စဉ်ကလေးဘဝမှစ၍ စာပေဖတ်ရှုမှု အလေ့အကျင့်ရရှိရန် ပျိုးထောင်ပေးခြင်း၊ ကျေးရွာစာကြည့်တိုက်များ၊ နယ်လှည့် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)