ပေါင်းတည်မြို့၌ မော်တော်ဆိုင်ကယ်စီးနင်းသူများအား အသိပညာပေး

ပေါင်းတည် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ ဘုရားကြီးရှေ့စစ်ဆေးရေးဂိတ်တွင် ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီ စီးနင်းသွားလာနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအလုပ်အမှု ဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီး အရာရှိတို့ ပါဝင်သော အဖွဲ့က စစ်ဆေးအသိပညာပေး ဆောင်ရွက်ခဲ့​သည်။

ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ စီးနင်းခြင်း၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မပါဘဲ စီးနင်းခြင်း၊ လူ(၂)ဦးထက်ပို၍ စီးနင်းခြင်း၊ နောက်ကြည့်မှန် မပါဘဲ စီးနင်းခြင်း၊ အိတ်ဇောဖြုတ်၍ စီးနင်းခြင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်၊ လိုင်စင်မဲ့ကားများ စီးနင်း မောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေးရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)