စစ်ကိုင်းမြို့တွင် ငါး/ပုဇွန် ရေထွက်ပစ္စည်းများပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

စစ်ကိုင်း ဩဂုတ် ၂၁

ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း) တွင် ငါး/ပုဇွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ် လုပ်ခြင်းနှင့် အရည် အသွေးထိန်းသိမ်းခြင်း နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ က စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအယ်လ်တူးရိန်က သင်တန်းဆင်း အမှာစကား ပြောကြား ရာတွင် “ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး/ပုဇွန် ရေထွက် ပစ္စည်းများ ပြည်ပတင်ပို့ရာမှာ တရားဝင် ထိန်းချုပ်ကွပ်ကဲရန် တာဝန်ရှိတဲ့ အမျိုးသားအဆင့် အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး၊ နိုင်ငံတကာ က ပြဌာန်း ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လိုအပ်ချက်များနှင့်အညီ ပြည်ပ နိုင်ငံများရဲ့ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ရပါကြောင်း၊ ဒါအပြင် ပြည်တွင်းစားသုံးမှု၊ ထုတ် လုပ်မှုနှင့် ဖြန့်ဖြူးမှု များအပါအဝင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ငါး/ပုဇွန်  မွေးမြူထုတ်လုပ်သူများအား နည်းပညာများဖြန့်ဝေပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ မျိုးကောင်း/မျိုး သန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ရပါကြောင်း ဘေးဥပါဒ်ကင်းရှင်းကာ အရည်အသွေး ကောင်းမွန်သော ရေထွက် ပစ္စည်း ထုတ်ကုန် များကို ထုတ်လုပ်ကြ၍ မိသားစု တစ်ပိုင်တစ်နိုင် အသေးစား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်တဲ့အခမှာ များစွာအကျိုးကျေးဇူးများရရှိမှာဖြစ်ကြောင်း” ကို ထည့် သွင်းပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းမြို့ငါးလုပ်ငန်း သင်တန်း ကျောင်းအုပ်ကြီး ဒေါ်သန္တာမင်းနှင့် တာဝန်ရှိသူ အသီးသီးမှ သင်တန်း ဆင်းလက်မှတ်များကို တစ်ဦးချင်းသို့ ပေးအပ်ခဲ့ကြပြီး ရန်ကုန်မြို့ ကြို့ကုန်း ငါးလုပ်ငန်း သိပ္ပံ အတတ်သင်ကျောင်းမှ ဆရာမဒေါ်ခင်မေကြည်က သင်တန်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြ ရန်မှာကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကာ ရွေဘိုခရိုင်မှ(၁၀)ဦး၊ ကသာခရိုင်မှ (၇)ဦး၊ မုံရွာခရိုင်မှ (၁)ဦးနှင့်စစ်ကိုင်းခရိုင်မှ(၄)ဦးတက်ရောက်ခဲ့ပြီး ဩဂုတ်(၁၇)ရက်မှ(၂၁) ရက်အထိ (၅)ရက် ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။

မျိုးဝင်း(ပြန်/ဆက်)