မော်လိုက် ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူတိုင်း ဆေးထိုးခွင့် ရရှိစေရန် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် နယ်မြေခံတပ်ရင်း ဆေးတပ်ဖွဲ့မှ သူနာပြုများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်မှုဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအတွက် ရပ်ကွက် ကျေးရွာများသို့ သွားရောက်ကာ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့မ(၁)ရပ်ကွက်၊ သရက်ကုန်းရပ်နှင့် မှော်ကူးကျေးရွာတို့မှ ပြည်သူ(၄)ဦးကို လည်းကောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြုတ်သာကျေးရွာနှင့် စွယ်တော် ရပ်ကွက်တို့မှ ပထမအကြိမ်(၂၃၀)ဦး ဒုတိယအကြိမ်(၂၀)ဦး စုစုပေါင်း ပြည်သူ (၂၅၀)ဦးတို့ကို လည်းကောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တပ်ကုန်းကျေးရွာမှ ပထမအကြိမ်(၄၀)ဦး ဒုတိယအကြိမ် (၆၅)ဦး စုစုပေါင်း ပြည်သူ(၁၀၅)ဦးတို့အား လည်းကောင်း ကိုဗစ် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့သည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း ဆေးတပ်ဖွဲ့မှ သူနာပြုများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆေးထိုးနှံမှု လာရောက် ခံယူသူများအား စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင် တိုင်းတာ စစ်ဆေးခြင်းများကို စစ်ဆေးပေးခဲ့ကြပြီး စိတ်ချရသူများအား သူနာပြု ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို စနစ်တကျထိုးနှံ ပေးခဲ့ကြသည်။
မော်လိုက်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာများမှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူ ပြည်သူများအားလုံး ကာကွယ်ဆေး ထိုးနှံခွင့်ရရှိစေရန်၊ ဆေးထိုးခွင့်ရရှိသူများ မကျန်ရှိစေရေးနှင့် မြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံမှု လွှမ်းခြုံနိုင်စေရန် ဆေးထိုးစုရပ်(၅)ခုဖွင့်လှစ်၍ လည်းကောင်း၊ ဆေးထိုးလာရောက်ရန် ခက်ခဲသည့် ပြည်သူများအတွက် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခြင်းဖြင့် လည်းကောင်း ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်ထိ မော်လိုက်မြို့နယ်အတွင်းရှိ ပြည်သူ စုစုပေါင်း(၁၄၅၅၄)ဦးတို့အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မော်လိုက်သားလေး