မြိတ် ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများ မဖြစ်စေရေးအတွက် နေအိမ် ပြင်ပ ထွက်ခွာသွား လာသူများအား နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်၊ ကိုဗစ် ကာကွယ်ရေးလမ်းညွှန် ချက်များအား ရပ်ကွက်/ကျေးရွာများတွင် အသိပေး ဆော်ဩလျက်ရှိပြီး စည်းကမ်းမလိုက်နာသူများအား စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကမာ္ဘ့နိုင်ငံအနှံအပြားမှာ အိုမီခရွန် ကိုဗစ် ဗိုင်းရပ်ပိုးအသစ်ကလည်း ပျံနှံ့နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူ တွေအနေနဲ့ ဘယ်သွားသွား ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ သွားလာနေထိုင်ကြဖို့ လိုအပ်ပါတယ်။ လက်ရှိ အချိန်မှာ ပြည်သူတွေအနေနဲ့ စည်းကမ်းတွေလျော့နည်းပြီး နှာခေါင်းစည်းတပ်ဆင်သွားလာတာ အားနည်း လာတာဖြစ်တဲ့အတွက်ကြောင့် အသိပညာပေးဆောင်ရွက်ပြီး ရှောင်တခင် စစ်ဆေး၍ ဥပဒေအရအရေးယူ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။
မြိတ်မြို့နယ်အနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှု ကင်းစင်ခြင်းမရှိသေးကြောင်း၊ ဆက်စပ်နေတဲ့ ခရိုင်အတွင်း ရှိ မြို့နယ်များတွင်လည်း ရံဖန်ရံခါ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသူများ ရှိနေသည့်အတွက်ကြောင့် ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ ပြည်သူများအား နေအိမ်ပြင် ထွက် ခွာသွားလာပါက နှာခေါင်းစည်း စနစ်တကျတပ်ဆင် သွားလာကြရန် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့များမှ လိုက်လံဆော်ဩ အသိပညာပေးဆောင်ရွက်ပြီး လမ်းဆုံလမ်းခွများနှင့် အသွားအလာ များသည့် လမ်းမများ၌ ရှောင်တခင်စစ်ဆေး၍ စည်းကမ်းမလိုက်နာသူများကို ဉပဒေအရ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဈေးများတွင်လည်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ် စည်းကမ်းသတ်မှတ် ချက်များ လိုက်နာမှုရှိမရှိကို သက်ဆိုင်ရာမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မြိတ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားစဉ်ကာလအတွင်း ရောဂါကူးစက်ဖြစ်ပွားပြီး ရောဂါပိုးစစ်ဆေး တွေ့ရှိသူများပြား ခဲ့သဖြင့် Stay at Home အဖြစ် သတ်မှတ်ခဲ့သည့် မြို့နယ်ဖြစ်ခဲ့သဖြင့် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )