ဝန်းသိုမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းဝတ်စုံ ပေးအပ်လှူဒါန်းပွဲပြုလုပ်

ဝန်းသို ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြို့သစ် အခြေခံပညာ အလယ်တန်းကျောင်းတွင် ပညာသင်ကြား နေကြသော ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် အရပ်ဝတ် အထည်များ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို   ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းက ကျောင်းဝတ်စုံနှင့် အဝတ်အထည်များ လှူဒါန်းပေးအပ်ရခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိအလိမ္မာရှိစေရေး၊ ကျောင်းစည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရေးတို့ကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်စား ကျောင်းသား ကိုယ်စားလှယ် တစ်ဦးစီထံသို့ (ကျား)ဝတ် ကျောင်းဝတ်စုံဝမ်းဆက်(၈)စုံ၊ (မ)ဝတ် ကျောင်းဝတ်စုံဝမ်းဆက်(၃)စုံ၊ အမျိုးသမီးဝတ် ကျောင်းစိမ်း (အဖြူ)အထည် (၃၀)နှင့် အရပ်ဝတ်အထည်မျိုးစုံ (၇၇)ထည်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ကျောင်းဝတ်စုံများနှင့် အဝတ်ထည်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းများမှ သင်တန်းသူများ ကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်၍ ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း ကျေးလက် ဦးစီးမှူးထံမှ သိရသည်။

အဆိုပါစာသင်ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၁)ဦး ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)