တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

လောင်းလုံး ဒီဇင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့သည် ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က လောင်းလုံးမြို့နယ်ခန်းမတွင် ကျင်းပသော ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြား ရာ၌ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လောင်းလုံးမြို့နယ်၊ လဝကဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် သဗျာကျေးရွာ၊ စမ်းလှမ်းကျေးရွာ၊ အောက်ရေဖြူကျေးရွာနှင့် ဇလွတ်ကျေးရွာများမှ   ကွင်းဆင်း ပြုလုပ်ခဲ့ပြီး ပေးအပ်ပွဲ အခမ်းအနားကို ပထမဆုံးအကြိမ်ဖြင့် လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိနယ်မြေအခြေအနေအရ လောင်းလုံးမြို့နယ်အနေဖြင့် တည်ငြိမ်အေးချမ်းမှုကို စတင်ရရှိနေပြီ ဖြစ်ကြောင်း၊ ဒီလိုနယ်မြေ ဒေသမတည်ငြိမ်တဲ့ကြားထဲ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြီး ကြိုးစားပမ်းစား ဆောင်ရွက်ပေးနေတဲ့ လဝကရုံး ဝန်ထမ်းများကိုလည်း ဂုဏ်ယူပါကြောင်း၊ လောင်းလုံးမြို့နယ်တွင် ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၄၁)အုပ်စုရှိသည့်အနက် ဒီဇင်ဘာ ၁ ရက်နေ့အထိ ရပ်ကွက်(၂)ခု ၊ ကျေးရွာအုပ်စု (၉)အုပ်စုတို့ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူလူထု တွေရဲ့ အခက်အခဲများ ကို တိုင်း‌ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါ‌ကြောင်း၊ ကျွန်တော်တို့ဒေသအတွင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပိုင်ဆိုင်မှုရေးရာအားလုံးတွေမှာ မှတ်ပုံတင်နှင့်အိမ်ထောင်စု လူဦး ရေစာရင်းက မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သိရှိနားလည်သဘော ပေါက်ရန်လိုအပ်ပါ‌ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ အနေဖြင့်မိမိတို့ရပ်ရွာမှာနေတဲ့ ပြည်သူများ၊ မိတ်‌ဆွေ အပေါင်းအသင်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးပါက လာရောက်ပြုလုပ်ဖို့ အချင်းချင်းအသိပေးစေချင်‌ကြောင်း၊ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်တွင်လာရောက် လျှောက်ထားနိုင်ပါကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများလည်း ကာကွယ်ဆေးကို ထိုးနှံကြပါရန်တိုက်တွန်း ပြောကြားလိုကြောင်း၊ ကျောင်းများပြန်ဖွင့်နေပြီဖြစ်၍ မိမိတို့ သားသမီးငယ်များ ပညာရေး နောက်ကျမကျန်ရစ်အောင် ကျောင်းတက်ရောက်စေလိုကြောင်း၊ မိမိဒေသမှ အသိပညာရှင် အတတ် ပညာရှင်များ ပေါ်ထွန်းမှသာ မိမိဒေသဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ပညာမတတ်က အခြားဒေသမှ ပညာတတ်များလာရောက်အုပ်ချုပ်တာ ခံရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၇) ခုအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်လဝကမှူး ဒေါ်သီတာအောင်၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(လောင်းလုံး)