ကော့ကရိတ်မြို့၌ စာရေးဆရာ ဦးဘုန်း (ဓာတု) ရေးသားသည့် သုည အတွေးရသစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ်    ဒီဇင်ဘာ   ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဘုန်း (ဓာတု) ရေးသားသည့် သုည အတွေးရသစာစုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်အတွက် ရည်ရွယ်၍  စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးမြင့်စိုးက စာရေးဆရာသည် လူငယ်တွေပဲဖတ်ဖတ်၊ လူကြီးတွေပဲ ဖတ်ဖတ် နည်းနည်းဖတ်ပြီး များများတွေ့ဖို့ ရေးသားထားသည့် စာအုပ်ဖြစ်သည့် စာဖတ်ပရိတ်သတ်များအနေဖြင့် အားလုံးဖတ်ရှုသင့်ကြောင်း၊ အဆိုပါ စာအုပ်တွင် ပါရှိသည့် “နာ’’ခေါင်းစဉ်မှာ စေတနာရှိရုံနဲ့ မပြည့်စုံဘူး၊ ဝါသနာရှိရုံနဲ့လည်း မဖြစ်ဘူး၊ အနစ်နာခံနေပါတယ် ဆိုတဲ့ အတွေးတွေနဲ့လည်း ကျေနပ်မနေသင့်ဘူး၊ ငါဟာ လူငယ်တွေအတွက် စံပြနမူနာ ဖြစ်ရဲ့လားဆိုတာကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်တင်တင်မာက အဆိုပါ စာအုပ်တွင်ပါရှိသည့် “ကြည့်မှန်” ခေါင်းစဉ်မှာ မိမိအကြိုက်နှစ်သက်ဆုံးဖြစ်ကြောင်း၊ စာရေးဆရာက လူသားတိုင်း အကောင်းနဲ့ပဲကြုံကြုံ၊ အရှုံးနဲ့ပဲတွေ့တွေ့ ကိုယ့်ကိုယ်ကို တာဝန်ယူစိတ်ရှိသင့်ကြောင်း၊ ဒါဆိုရင် လူတွေရဲ့ဘဝ ဒီထက် တိုးတက်လာမှာ သေချာကြောင်း အကောင်း အဆိုးနှစ်ခုစလုံးကို တာဝန်ယူရဲတဲ့ စိတ်နဲ့ လောကကြီးကို ဆက်ဆံလိုက်စမ်းပါကွာဟူ၍ ရေသားထားသည်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော စာပေချစ် ပရိသတ်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းကြကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)