ဇီးကုန်း ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး အရှေ့၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးက မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်း အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များ အဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံမြင့်၊ မြို့နယ်စည်ပင် သာယာ အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်း၊ ဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် ကော်မတီဝင်များ တက်ရောက်၍ လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)