မြဝတီ ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန် က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိ ပညာပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင် က ကလေးများအနေဖြင့် အသက်(၁၄)နှစ်ပြည့်ပြီး မိသားစုစားဝတ်နေရေး အဆင်မပြေပါက မိသားစုဝင်ငွေတစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိအောင် အလုပ်လုပ်ကိုင်ခွင့်ရှိကြောင်း၊ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာ ဥပဒေအရ မည်သည့်ကလေးကိုမျှ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်မပြုရကြောင်းနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ် ၏ အသက်သည်(၁၄)နှစ်အောက်မငယ်စေရ စသည့် အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဥပဒေရေးရာလေ့လာရေးနှင့် အကြံပြုရေးအဖွဲ့ခေါင်းဆောင် ဒေါ်ကေခိုင်က အလုပ်သမားများအနေဖြင့် လုပ်ခလစာအပြည့်အဝမရခြင်း၊ ကလေးအလုပ်သမားများ ပပျောက် အောင် ဆောင်ရွက်ချင်သော်လည်း တစ်ဦးတစ်ယောက်အားနှင့် မစွမ်းဆောင်နိုင်ကြောင်း၊ ကလေးများ အနေဖြင့် အလုပ်များကို လုပ်သင့်လုပ်ထိုက်သည့်အလုပ်နှင့် မလုပ်သင့်မလုပ်ထိုက်သည့် အလုပ်များကို ခွဲခြားသိစေရန်၊ အချို့သော ကလေးများသည် မိဘများအနေဖြင့် မသန်စွမ်းများဖြစ်သောကြောင့် မိဘကို ပြုစုစောင့်ရှောက်လိုသည့် အ တွက်ရရာအလုပ်များကို လုပ်ကိုင်နေရကြောင်း ဆွေးနွေးပြောကြားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)