ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကရင်တိုင်းရင်းသားဘာသာ စကားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နံဇကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်း  လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာ များတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့် လိုက်လံအသိ ပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင်  လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌ သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊  အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ‌ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင် လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင် လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ခြင်းလိုက်နာရ မည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

စန်းစန်း