ကျွန်းစုမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျွန်းစု ဒီဇင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အများပိုင် မီးလင်းရေးအဖွဲ့မှ မီးသုံးစွဲသူပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု ရပ်နားခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးလင်းရေးကော်မတီနှင့် မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်မီးရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီး ပုံမှန်ရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဇွန်လ မှ စက်တင်ဘာလအထိ မိုးရာသီကာလ(၄)လခန့်အား အသေးစား ရေအားလျှပ်စစ်စက်ရုံမှ လည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃)လခန့်အား ရေအားလျှပ်စစ်စက်ရုံနှင့် ဒီဇယ်အင်ဂျင်တို့ တွဲဖက်၍လည်းကောင်း၊ ဇန်နဝါရီလမှ မေလအထိ(၅)လခန့်အား ဒီဇယ်အင်ဂျင်များအသုံးပြု၍ လည်းကောင်း ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကျွန်းစုမြို့တွင် လျှပ်စစ်ဓာတ်အားများကို ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကတ္တလူကျေးရွာအုပ်စု၊ ကပကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ အုပ်စုများရှိ ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး လျှပ်စစ်မီးပုံမှန်ရရှိနေစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အစုရှယ်ယာများ ထည့်သွင်းကာ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်မီးပေးရေးအတွက် ပုံမှန်အချိန် သတ်မှတ်ပေးနိုင်ရေး၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းနေမှုများအား ပြုပြင်လဲလှယ် ပြင်ဆင်မှုများ၏ ကုန်ကျမည့်စရိတ်များ၊ ဆီသုံးစွဲမှု အခြေအနေများ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ဒီဇယ်အင်ဂျင်တို့ကို အချိန်မျှတစွာ သုံးချနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး လျှပ်စစ်ဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအား တင်ပြခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

“ယခု ဒီဇယ်ဆီဈေးနှုန်းနဲ့ လျှပ်စစ်မီးဖြန့်ဖြူးရေးအတွက် တင်ဒါပေးမယ်ဆိုရင် မီတာခ ဈေးနှုန်းများ (၅၀၀)နဲ့ (၆၀၀)ကျပ် လောက်ထိ တိုးမြှင့်ကောက်ခံနိုင်ပါတယ်။ မီတာခ ဈေးနှုန်းမြင့်တင်လာရင် မီးသုံးစွဲသူများအနေနဲ့ စားဝတ်နေရေး အဆင်မပြေမှုများဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးဖြန့်ဖြူးပေးရာတွင် ကျွန်းစုမြို့၊ အများပိုင်မီးလင်းရေးအဖွဲ့အနေဖြင့် ၂၀၁၆ခုနှစ်၊ ဧပြီလမှ စတင်ကာ ကျွန်းစုမြို့၌ ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့ပြီး မီတာခနှုန်းထားအား တစ်ယူနစ်လျှင် (၂၅၀)ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မီးသုံးစွဲသူပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး မီတာခနှုန်းထားအား တစ်ယူနစ်လျှင် (၃၃၀) ကျပ်နှုန်းဖြင့် ကောက်ခံရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကာ မီတာခနှုန်းထားအား တစ်ယူနစ်လျှင် (၃၃၀) ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံခဲ့ကြောင်း၊ ယခုတွင် ဒီဇယ်ဆီဈေးနှုန်းပိုမိုမြင့်မားနေမှုများကြောင့် လျှပ်စစ်ဓါတ် အား ဖြန့်ဖြူးခြင်းလုပ်ငန်းအား ရပ်နားခဲ့ရာ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က မီတာခနှုန်းထားအား တစ်ယူနစ်လျှင် (၃၃၀) ကျပ်နှုန်းဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)