အင်းတော်မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် မိုးစပါးစိုက်ဧက ( ၅၅၀ ) စိုက်ပျိုးပြီးစီး

အင်းတော်  ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်း မိုးစပါးမျိုးစေ့ထုတ် မိုးစပါး စိုက်ဧက (၅၅၀) အား ယမန်နေ့က ကွင်းပိတ် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအား မြို့မ နည်းပညာပေးစင်တာ ဧရိယာအတွင်း (၂၃၉) ဧကကို ကျေးရွာအုပ်စု (၄) အုပ်စု တွင်လည်းကောင်း၊ မော်လူး နည်းပညာပေးစင်တာ ဧရိယာအတွင်း (၈၈) ဧကကို ကျေးရွာအုပ်စု (၂) အုပ်စု တွင်လည်းကောင်း၊ မဲဇာ နည်းပညာပေးစင်တာ ဧရိယာအတွင်း (၁၆၉) ဧကကို ကျေးရွာအုပ်စု (၃) အုပ်စု တွင်လည်းကောင်း၊ မော်တိတ် နည်းပညာပေးစင်တာ ဧရိယာအတွင်း (၅၄) ဧကကို ကျေးရွာအုပ်စု (၂) အုပ်စုတွင် လည်းကောင်း ဆောင်ရွက်ထား ရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ဒေသခံတောင်သူများ အနေဖြင့် ဒေသတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များကို အလွယ်တကူ ရရှိသုံးစွဲနိုင်ခြင်း၊ အဆိုပါ မိုးစပါးမျိုးကောင်းမျိုးသန့်များအား အလွယ်တကူရရှိ စိုက်ပျိုးနိုင်သောကြောင့် မိုးစပါးအထွက်နှုန်း မြင့်မားလာပြီး တောင်သူများ၏ လူနေမှု ဘဝများ တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အနေဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက် ဧရိယာပေါင်း (၂၅၂၅) ဧကရှိရာ ယနေ့အထိ (၂၅၀၄) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး၊ အင်းတော်မြို့နယ်အနေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် ဧရိယာပေါင်း (၅၅၀) ဧကကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ကွင်းပိတ် စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဖုန်းမောင်က ပြောပြခဲ့သည်။

အဆိုပါ ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ခရိုင်စစ်ဆေးရေးအဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်နှင့်ဝန်ထမ်းများ၊ စိုက်ပညာရှင်များသည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က အင်းတော် မြို့နယ်အတွင်းရှိ မဲဇာနည်းပညာပေးစင်တာ ဧရိယာအတွင်းရှိ အလယ်ဆိပ်ကျေးရွာ မိုစပါးမျိုးစေ့ထုတ် တောင်သူ ဦးဝင်းမောင်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ၊ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သီဟ