နတ်မောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နတ်မောက် ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်မည့် ဝါပန်ကျေးရွာအုပ်စု၊ ဘော်အိုင်ကျေးရွာ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ကျပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသူရက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များနှင့် ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဘော်အိုင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင် များအား ရန်ပုံငွေ သိန်း ၃၀၀ ကျပ်လွှဲပြောင်းပေးအပ်ခဲ့သည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၃၇ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သင်းသင်းမြတ်(နတ်မောက်)