ပခုက္ကူမြို့နယ် Myanmar Efforts အထည်ချုပ်စက်ရုံကုမ္ပဏီမှ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ပခုက္ကူ  ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ Myanmar Efforts အထည်ချုပ် စက်ရုံကုမ္ပဏီမှ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား လူမှုဖူလုံရေးအစီအစဉ်ဖြင့် ဒီဇင်ဘာလ ၂ ရက် နံနက် ၈ နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြနွယ်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးနှင့် ဝန်ထမ်းများ၊ စက်ရုံဝန်ထမ်းများ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေရာချထားခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးကြရာ အမျိုးသား(၄၁)ဦး၊ အမျိုးသမီး(၈၃၉)ဦး၊ စုစုပေါင်း (၈၈၀)ဦးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း Myanmar Efforts အထည်ချုပ်စက်ရုံ ကုမ္ပဏီသည် Hong Kong အထည်ချုပ် စက်ရုံခွဲဖြစ်ပြီး ဝန်ထမ်း(၁၉)ဦး၊ အာမခံအလုပ်သမား (၁၀၅၅)ဦး၊ စုစုပေါင်း (၁၀၇၄)ဦးရှိပြီး မိမိနီးစပ်ရာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၀၆)ဦး ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် လူမှုဖူလုံရေးအစီအစဉ်ဖြင့် မြို့နယ်ကိုဗစ် ကော်မတီဝင်များနှင့် ပူးပေါင်း၍ ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ  စက်ရုံ၊အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကျန်ရှိမှုမရှိစေရေး ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးက ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)