ကော့ကရိတ် ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်း ဒေသမျိုးကြက်မွေးမြူလုပ်ကိုင်သူများအနေဖြင့် စီးပွားရေး အဆင်ပြေသော်လည်း ကြက်နာရောဂါကျလာမည်ကို စိုးရိမ်လျက်ရှိကြောင်း အမှတ် (၂) ရပ်ကွက်၊ ဒေသ မျိုးကြက်မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်က မတ်လကနေစပြီး ဒေသမျိုးကြက်တွေကို စမ်းသပ်ပြီး မွေးမြူကြည့်တာပေါ့။ ဒါပေမဲ့ အဆင် ပြေပါတယ်။ ကြက်စပေါက်ပြီးဆိုတာနဲ့ (၃)လ (၄) လအတွင်းမှာ (၅၀) သားနှင့် (၈၀) သားလောက်ရှိနေပြီး။ ကြက်တစ်မမှာဆိုရင် ငါးကောင်လောက်ဘဲ ရှင်တယ်ထားအုံး။ ရောင်းလို့ကရနေပြီး။ ကော့ကရိတ်မြို့မဈေးမှာတော့ ဒေသမျိုး ကြက် တစ်ပိဿာကို ငွေကျပ် (၈၅၀၀)မှ (၉၀၀၀)အထိ ရပါတယ်။ကြက်စာတွေကိုတော့ စပါးပဲ ဝယ်ကျွေးတယ်။စပါး (၁)တင်းက ယခုအချိန်ဆို ငွေကျပ် (၅၀၀၀)နဲ့ (၆၀၀၀)ဘဲရှိတယ်။ ကြက်စာက တစ်ပြည်ကို ငွေကျပ် (၁၁၀၀)ပေး ရတယ်။ ကြက်ကများတော့ တစ်ခြား ကြက်စာတွေနဲ့ဆို မကိုက်ဘူးပေါ့။စပါး (၁)တင်းကို ကြက်အကောင်ရေ (၃၀) လောက်ဆို (၃)လလောက်အထိ ကျွေးလို့ရတယ်။ကြက်ပေါက်လေးတွေကိုတော့ အသားတိုး ကြက်အစာတွေ ကျွေးတာပေါ့။ ကြက်နာရောဂါ မကျရင်တော့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုတော့ ပျော်ပါတယ်။ယခုအချိန်မှာ တစ်နှစ်ပတ်လုံးကို ကြက်နာရောဂါ ကျနေတာတော့တွေ့တယ်။ဒီမှာတော့ မကျသေးဘူးပေါ့။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကုန်လောက် အထိဆို ကြက်နာရောဂါ ကျတော့မှာဆိုတော့ စိုးရိမ်မိပါတယ်။ ကြက်နာရောဂါ ထိပြီးဆိုရင် ရှိတဲ့ကြက်က အားလုံးနီးပါး သေတာလေ။ အဲ့ဒါကြောင့် စိုးရိမ်မိပါ တယ်” ဟု အမှတ် (၂)ရပ်ကွက်နေ ဒေသမျိုးကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)