နံနံပင် စိုက်ပျိုးရောင်းချသူများ တစ်နှစ်ပတ်လုံးမိသားစု အပိုဝင်ငွေရရှိ

ကောလင်း  ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်အတွင်းရှိ မြေကွက်အနည်းငယ် ပိုင်ဆိုင်ကြသော တောင်သူများသည် နံနံပင်များ စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး မိသားစု အပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။

နံနံပင်များမှာ ရှမ်းနံနံ၊ တရုတ်နံနံ၊ ဗမာနံနံရှိပြီး  ဗမာနံနံမျိုးစေ့များကို ကျွန်းလှမြို့နယ်၊ ကိုတောင်ဘို့ ဒေသများတွင် တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် သွားရောက် ဝယ်ယူကြောင်း၊ ၎င်းဒေသများတွင် ဆောင်မြေပဲခင်းများထဲသို့ ကျဲပက်ပြီး မြေပဲဖော်ချိန်တွင် နံနံမျိုးစေ့ များအား ပြန်လည်ထုတ်ယူ ရောင်းချကြပါတယ်။

ယခု နံနံမျိုးစေ့ တစ်ပြည် ၂၀၀၀ ကျပ် ပေးဝယ်ရပြီး နံနံများ စိုက်ပျိုးမည်ဆိုလျှင်၊ မြေကွက်များကို အနံ ၄ပေ၊ အလျား မိမိမြေကွက်ရှိအဆုံး ပြုလုပ်ကြပြီး နံနံမျိုးစေ့များ ကျဲပက်ပြီး ဘောင်ပေါ်မှ ကောက်ရိုးဆွေး၊ ကောက်ရိုး ရိုးပြတ်များအား ဖုံးပေးပြီး ရေရွှဲရွှဲ လောင်းပေးရပါတယ်။

ရေကို ၂ ရက်တစ်ခါ လောင်းပေးရပြီး၊ နံနံပင်က ပိုးသတ်ဆေးဖျန်းစရာမလိုပါ၊ တစ်ပြည်ကျဲကို ယူရီးယား ဓာတ်မြေသြဇာ နို့ဆီဗူး ၂ ဗူးကို ၇ ရက်ခြားနှစ်ခါ လောင်းပေး ရပါတယ်။

နံနံပင်များသည် စိုက်ပျိုးချိန်မှ ခူးဆွတ်ချန်ထိ တစ်လကြာပြီး တစ်ပြည်ကျဲကို ကုန်ကျစရိတ် ၆၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊  နံနံတစ်ပြည်ကျဲကို အပင်အနေအထားပေါ်မူတည်၍ အစည်းရေ ၁၅၀၀ မှ ၂၀၀၀အထိ ရရှိကြောင်း၊ နံနံပင်များကို နေ့စဉ်နုတ်ရောင်းလိုလျှင် တစ်ပြည်နှင့် တစ်ပြည်ကို ၇ ရက်ခြား၍ ကျဲပက်နိုင်ပြီး ၀.၁၀ ဧကကို နံနံမျိုးစေ့ တစ်တင်း ကျဲပက်နိုင်ပြီး ယခုလက်ရှိ နံနံဟတစ်စည်း ၂၅ ကျပ်ဖြင့် နေ့စဉ်ပုံမှန် ၁၀၀၀ စည်း နုတ်ရောင်း နေရသဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း နံနံစိုက်ပျိုးရောင်းချသူ ဒေါ်အောင်ကြည်က ပြောပြသည်။

နံနံပင်များကို အသုတ်အမြုပ်၊ ခရမ်းချဉ်သီးပန်ထွေဖျော်၊ အသားငါးဟင်လျာများတွင် ထည့်သုံးကြသဖြင့် မြန်မာ့ဟင်းလျာများတွင် မပါမဖြစ်သော သီနှံတစ်မျိုးဖြစ်သည့်အတွက် နံနံပင်များမှာ စားသုံးသူများပြားသဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပြီး အရင်းအနှီး အနည်းငယ်၊ မြေအကျယ်အဝန်း အနည်းငယ်၊ အချိန်အနည်းဖြင့် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)