ရွှေတောင် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပါ၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်၊ ပြူတင်းတံခါးများ ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)