မင်းလှမြို့တွင် နှာခေါင်းစည်း မတပ်ဆင်သူများအား (Mask)(၃) ပေး၍ ဒဏ်ငွေ ၅၀၀‌ကျပ် ပေးဆောင်စေခြင်း ပြုလုပ်

မင်းလှ  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဆက်လက် ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေး အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီချိန်က မြို့ဈေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေး အရေးယူဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီးယာဉ်ငယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ(၅၀၀) ကျပ်ပေးဆောင်စေကာ နှာခေါင်းစည်း (၃) ခုပေးကာ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်ကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာ တွင်မဖြစ်မနေ (Mask) စနတ်တကျ တပ်ဆင်စေရေးအတွက် Mask Campaign များအား လူစည်ကားရာနေရာဖြစ်သည့် ဈေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများတွင် စစ်ဆေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဒီဇင်ဘာ ၁ ရက်နေ့က စတင်၍ နေရာများ ပြောင်းရွေ့ကာ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးအတွက် စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ