ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ခြင်း

ကဝ ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကဝမြို့ပေါ် ရပ်ကွက်များနှင့်  ခမေကြီး၊  သပြေကန်ကျေးရွာများ၌  လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေ အကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြည်ပါ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို   ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော   အခန်းများကို ရှောင်ပါ၊ မိမိတို့နေအိမ်များကို လေဝင်လေထွက်ရှိအောင် လုပ်ကြပါ စသည့် ကြေညာချက်များကို ကိုယ်စီလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)