သရက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၁ နာရီက သရက်မြို့၌ (Oxygen Plant)စက်ရုံ အဆောက်အဦနှင့် (Transformer)တို့အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ခရိုင် ပြည်သူ့ဆေးရုံအတွင်းရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လှူဒါန်းသည့် (Oxygen Plant)စက်ရုံ အဆောက်အဦနှင့် (Transformer)တို့အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်ထံသို့ (Oxygen Plant) အဆောက်အဦနှင့် (Transformer)တို့အား လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်ကုသရေး ဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သရက်မြို့တွင် စတင်လည်ပတ်လျက်ရှိသည့် (Oxygen Plant)စက်ရုံကို ဩဂုတ်လ ၁၃ ရက်နေ့တွင် စတင်မြေနေရာရွေးချယ်၍ ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် စက်ရောက်ရှိ တပ်ဆင်ကာ အောက်တိုဘာ ၂၈ ရက်တွင် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀) လီတာဆန့် အောက်ဆီဂျင်အိုး (၁၀၀) လုံးထုတ်လုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်တွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ် အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီဖြစ်ကြောင်းနှင့် စက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးများထားရှိပြီး အန္တရာယ်ရှိ အမှတ်အသားများ ချိတ်ဆွဲမှုထားရှိ၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (Oxygen Plant) အဆောက်အဦအတွင်းစက်ရုံ တည်ဆောက်ထားရှိမှုနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)