ကော့သောင်း ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွားများအနှံ့ မီးကင်းစောင့်ကြည့်မှုစနစ် ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ပြည်သူများ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံနှင့်အဝှမ်း မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိရာ ယခုကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ယခင်ကာလများက ရှိခဲ့သည့် ပြည်သူများ၏အကျိုးစီးပွားအတွက် မြို့ရွာရပ်ကွက်များအတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်များဖြင့် မီးကင်းထားရှိ စောင့်ကြည့်မှု စနစ်အား စနစ်တကျ ပြန်လည် အကောင်အထည်ဖော်ဆောင်နိုင်ရန် ရပ်ကွက်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများဖြင့်ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးက ပြောသည်။
မိမိရပ်ရွာ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေများအရ မီးဘေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်နှင့် ရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသည့် ရပ်ကွက်/ ကျေးရွာ/ လမ်းများအလိုက် အရံမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများတွင် မီးကင်းတစ်ခု၏အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွဲ့စည်းကာ ခရိုင်/မြို့နယ်၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူအဆင့်ဆင့်နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စနစ်တကျပြန်လည်အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)