မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရှားပင်ရေကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း မြေနီ ကျောက်စရစ်လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူး ဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ပေါက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ် နံ့သာကျေးရွာအုပ်စု ၊ ရှားပင်ရေကျေးရွာတွင် မြေနီ ကျောက်စရစ် လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။။

အဆိုပါ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း  မြေနီ ကျောက်စရစ် လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီလုပ်ငန်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိကို ပေါက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ၊ လူထုဗဟိုပြု စီမံကိန်း ကနည်းပညာအကြံပေးကျားမရေးရာ တာဝန်ခံ ဦမျိုးဝင်းထွန်းနှင့် ကျေးရွာတာဝန်ကျဝန်ထမ်းများနှင့်အတူ ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားရန်နှင့် စီမံကိန်းမှ ချမှတ်ထားသော မူဘောင်များကို အလေးထား လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ပေါက်မြို့နယ် ရှားပင်ရေကျေးရွာတွင် ဒေသခံပြည်သူများ ဝင်ငွေရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းကို အရှည်ပေ ၂၅၀၀၊အကျယ် ၁၂ ပေ ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းနှင့် ရေ နုတ် မြောင်းအရှည် ပေ ၅၉၅၀ အကျယ် ၁ ပေ ၆လက္မ၊ အမြင့် ၁ ပေ ၆လက္မ ရှိသည့်လုပ်ငန်းများအား စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် Cash For Work စီမံကိန်းလုပ်ငန်းကို ပေါက်မြို့နယ်အတွင်း ကျေးရွာပေါင်း(၈)ရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် မြေသားလှောင်ကန် တိုးချဲ့ပြုပြင်တူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၀၀)စီ အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ထံမှ သိရ သည်။

ဉာဏ်တိုး(ပြန်/ဆက်)